သောင်းပြောင်းထွေလာမှတ်စု(၁)

Blog ကိုupdateလုပ်ဖို့ ရေးမယ် ရေးမယ်နဲ့ တနေ့တနေ့မအားတာနဲ့ မရေးဖြစ်ဘူး။ ဒီနေ့တော့ သားအဖ၂ယောက်လုံး စောစောအိပ်သွားလို့ တေးမှတ်ထားတာလေးတွေစုရေးလိုက်ဦးမယ်။

ခေါင်းစဉ်မှာရေးထားသလိုပဲ သောင်းပြောင်းထွေလာရေးမှာမို့ အစီအစဉ်တော့ကျမယ်မဟုတ်လို့ ကြိုတောင်းပန်ပါတယ်။ နောက်တစ်ချက်က ကိုယ့်ကမ္ဘာဟာ ကိုယ့်သားနဲ့ခင်ပွန်း ပဲမို့ သူတို့အကြောင်းချည်းပါပဲ။ ပျော်စရာချည်းပဲ ကောင်းကြောင်းချည်းပဲမဟုတ်သလို ၊တခြားမှာရင်ဖွင့်စရာမရှိသူမို့ စိတ်တိုရ ဒေါသထွက်ရတာတွေလည်းပါမှာပါ။ အချိန်မဖြုန်းချင်သူများ အခုပဲ လှည့်ပြန်နိုင်ပါပြီ😅။

ပထမဆုံး ဒီနေ့ပူပူနွေးနွေးအကြောင်းအရာကနေ စရေးပါရစေ၊ မရေးတာကြာပြီမို့ သွေးပူလေ့ကျင့်ခန်းလုပ်ချင်လို့ပါ။ ဒီနေ့ ကိုယ်တို့မိသားစု အပြင်သွားကြတယ်။ ဘောစိ(ကိုယ့်သားလေး) က နဲနဲ သိတတ်လာပြီဆိုတော့ အရင်လို အပြင်ထွက်ရ သိပ်မပင်ပန်းတော့ဘူး။ လူကြီးတွေ ပြောတာ နားလည်လာသလို သူပြောချင်တာလည်း တတ်သလောက်လေး ပြောနိုင်လာတော့ ညှိယူလို့ရလာတာလည်းပါတာပေါ့။ အပြင်စာ စားနိုင်လာပြီး ဆီးဝမ်းလည်း အကြိမ်ရေမများတော့ သယ်ရတဲ့ဝန်ထုပ်ဝန်ပိုးလည်း နဲလာတာရယ်၊ ဘောစိ ဖေဖေက ဘောစိနဲ့ အချိတ်အဆက်မိလာတာကလည်း တအား အထောက်အကူဖြစ်တာလည်းပါတယ်။

အရင်ကဆို ကလေး မျက်နှာရိပ်မျက်နှာကဲခတ်ပြီး ဗိုက်ဆာသလား၊ ဗိုက်နာသလား၊ ပူသလား၊အေးသလား၊ ဆော့ချင်လား၊အိပ်ချင်လား ဘာမှ အရိပ်အကဲမခတ်တတ်တော့ကြားက အမေဖြစ်တဲ့ ကိုယ်ပဲတအားပင်ပန်းတာပါ။ ဖအေက ဒါ သားက ဟိုဟာ အဲ့ကြားထဲ မအေက ပင်ပန်းတာ ပြန်တောင် မစဉ်းစားချင်ဘူး။ ကလေးမကြိုက်တာ မလုပ်ဖို့၊ အိပ်ချင်နေတာကို မစဖို့၊မကလိဖို့ ပြောရင်း လင်မယား ရန်ဖြစ်ရတာ အခါအခါပါ။

အခု စကားနဲနဲပြောတတ်လာတော့ သူတို့အချိတ်အဆက်မိပြီး ကိုယ် လက်လွတ်လို့ရတဲ့အချိန်တွေရလာတော့ အပြင်သွားရတာ အဆင်ပြေလာတယ်။ သားအဖ ၂ယောက်တည်း ကစားလို့ရတဲ့နေရာမှာ ကစားနေခဲ့ပြီး ကိုယ်က စျေးပတ်လို့ရလာတယ်။ ၂ယောက်သားရေချိုးခန်းထဲ ရေချိုး ဆော့နေကြရင် ကိုယ်က ဆေးကြော သိမ်းဆည်းနိုင်တယ်။ လင်မယား၂ယောက် အလှည့်ကျ sport club သွားလို့ရလာတယ်။ အရင်က သူချည်းသွား ကိုယ်က ကလေးထိန်း အိပ်ရာသွင်းရတာ ၂နှစ်၄လတိတိ၊ စိတ်တွေဖိစီးတယ် ဒေါသထွက်လွယ်လာတယ်၊ ပြီးခဲ့တဲ့ တနင်္လာနေ့ကစပြီး ကိုယ်လည်း sport clubဝင်လိုက်ပြီး yoga သွားလုပ်ဖြစ်တယ်။ အကျိုးရလဒ်ကတော့ ချက်ချင်းမပြပေမယ့် အဲ့ ၁နာရီ၂နာရီ လောက်အချိန်လေးက စိတ်ဖိစီးမှုကို သက်သာလာစေတယ်လို့ ခံစားရတယ်။

အပေါ်မှာပြောခဲ့သလို ကောင်းတဲ့အချက်တွေရှိသလို မကောင်းတဲ့အချက်တွေလည်းရှိတယ်။ ဥပမာ ပြောရရင် ဒီနေ့ညစာအပြီး ဘောစိက သွားတိုက်တော့ သူ့ဘာသာတိုက် ကိုယ်က ထိန်းပေးရင်း သားအမိ၂ယောက် တူတူတိုက်ကြတာပေါ့။ အတော်အသင့်ပြီးတော့ ဘောစိကို သားရေ..မေမေ..အဆုံးသတ်တိုက်ပေးမယ်နော်ဆိုတော့ အတိုက်မခံဘူး သူ့ဘာသာပဲ တိုက်မယ်တဲ့။ အဲ့တာကိုကြားတဲ့သူအဖေက ရောက်ချလာပြီး ဘောစိရေ ၁/၂/၃လေးဆိုပြီး သွားတိုက်ရအောင်တဲ့ ..သူ့နည်း သူစကားက အောင်တယ်ပေါ့လေ လာလုပ်တာ၊ စိက လက်မခံတော့..အိုခေလေ ရေချိုးချိန်ကြ ထပ်တိုက်မှာပဲတဲ့။ ရေချိုးတော့ အမလေးတော်လိုက်တာကွာ..ဘာညာနဲ့ သွားတိုက်ပေးနေလေရဲ့။ ချိုးတဲ့အချိုးက သူသင်လို့ သူကျင့်ပေးလို့ တတ်တာဆိုတဲ့ပုံစံ။ မင်းနည်းက ပုံမကျပါဘူးကွာဆိုတဲ့အချိုး။ ဘောစိက လက်ချိုးပြီး ၁/၂/၃/၄ ရေတွက်ရင်၊ကဗျာတွေဆိုရင်၊ပုံပြင်တွေပြောရင် သူ့မှာ ဝမ်းသာလိုက်ရတာ၊ကိုယ်က ဘောစိက ဒီလို…လို့ပြောလိုက်ရင် သိသားပဲ(ငါသင်ပေးထားတာပါကွာအချိုး)

ကိုယ်က ဘောစိသွားငုတ်တုတ်စပေါက်ကတည်းက အကိုက်ခံပြီး သွားတိုက်ပေးခဲ့တာတွေ၊ နေ့တိုင်းအာပေါက်အောင် ပုံပြင်တွေဖတ်ပြ၊ ကဗျာတွေဆိုပြ ထားတာတွေ အပြင်မှာ ကစားရင် အလှည့်နဲ့ကစားဖို့ သူများကိုမထိခိုက်ဖို့ တစာစာ သတိပေးရ၊ မထိမခိုက်အောင် မျက်စိဒေါက်ထောက်ကြည့်ရ၊ စားချိန် အိပ်ချိန်မှန်အောင် ချက်ပေးပြုတ်ပေး အဆင်သင့် လုပ်ပေးနေတာတွေက ဘယ်ပျောက်သွားပါ့လိမ့် လို့ တွေးမိတာ အခါခါ။ နှမ်းဖြူးတာ သိပ်ကြမ်းတာပဲလို့တွေးမိတယ်။

ဘောစိကလည်း နပ်လာတာနေမယ်။ အမေနဲ့ဆို နဲနဲ သူလုပ်ချင်တာလုပ်တယ်။ အဖေနဲ့ဆို အရင်က ငြင်းဆန် ကန်ကြောက်ပေမယ့်အခု ဆို သူ့အဖေပြောတာလုပ်တာငြိမ်ခံလိုက်ရင် အကြာကြီး ကလိခံရမယ့်ဘေးက လွတ်တယ် ဆိုတာသိလာပုံရတယ်။ ဥပမာ သူ့အဖေက သားရေ အဖေ့ကို ဖက်ပါဦးဆို အဖြစ်သဘောလေးဖက်ပြတယ်၊ အဲ့လို့မှမလုပ်ရင် သူ့အဖေက မလွှတ်ပေး သူကငို ဆူညံပွက်လောတွေရိုက်ရော။ အခုတော့ ကိုယ်လည်း သားရေ ဖေဖေ့ကို ဖက်လိုက်ပါဦးး လို့ အချိုသံလေးနဲ့ပြောပေး ဘောစိကလည်းဖက်ပေးလိုက် ဟိုကလည်းကျေနပ် ပြီးရော။ ဟုတ်တယ်လေ သူလည်း တချိန်လုံးကလိနေမှာမှမဟုတ်တာ။

ဘောစိဖေဖေဟာ အပြင်လူတွေက ထင်နေသလိုမဟုတ်တာ၊ သူ့မိသားစုဖြစ်မှပဲသိမှာ။ဒါတောင် သူ့ကိုမွေးတဲ့ သူ့မိသားစုက မသိတာတွေရှိသေးတယ်။ ကိုယ်ပဲသိတာတွေပေါ့။ သူ့မိဘရော ကိုယ်ရောသိတဲ့အချက်ထဲက တစ်ခုက လက်ပေါက်ကပ်တာပဲ။

ယောက္ခမ ကိုပြောပြတော့ ဖအေတူတာတဲ့။ နှစ်ပေါင်း၄၀နီးပါး အမေ ဘယ်လိုသည်းခံခဲ့သလဲလို့ မေးတော့ ဘယ်ကဝင် ညာကထုတ်၊ ညာကဝင် ဘယ်ကနေထုတ်ပစ်လိုက်သတဲ့။ ကိုယ်လည်း စတင်ကျင့်သုံးနေပါပြီ။ရာနှုန်းပြည့်မရသေးပေမယ့် သေးသေးဖွဲဖွဲ ပစိပစပ် လုပ်တာတွေကိုပြန်ခံပြောမနေတော့ဘူး။ ဟုတ်ကဲ့ ဆောရီး ပြောပြီး throwလုပ်လိုက်တယ်။ ရန်ဖြစ်လို့ စိတ်ကောက်ရင် အကျိုးနည်း အာရုံနောက်လွန်းလို့ 😅😅။ ဒီနေ့တော့ ဒီလောက်နဲ့ပဲ တော်ပါပြီ။

၁၂/၃/၂၀၂၂